Tuesday, March 20, 2012

Stream of Consciousness

အသက်ရှုကျပ်တယ်...
ကိုယ့်လက်ရှိ လူနေမှု ပုံစံပေါ်မှာ အလိုမကျဘူး။
စိတ်အခြေအနေက ကိုယ်သာ ဘုရားသခင်.. ကိုယ့်ကိုကိုယ်သာ ကိုးကွယ်နေရ.........။ (ပန်း ဆီးမီး ရေချမ်း..........)
ပျော်စေ ပျက်စေ ။ ပြောင်စေ ပြက်စေ ပြတ်စေ........။

စိတ်မလုံခြုံမှုတွေ ... ။ စိတ်နာကျင်မှုတွေ......။ စိတ်ဒဏ်ရာတွေ။ နောက်................ အလိုမပြည့်မှုတွေ.......။ အလိုဆန္ဒတွေ ....။
မင်းနဲ့ပတ်သက်ပီး အများကြီးမျှော်လင့်မထားဘူး........
မင်းနဲ့ပတ်သက်ပြီး ဒါလေးတွေ ဖြည့်ဆည်းပေး........မယ်။
မင်းနဲ့ပတ်သက်ပြီး တိုက်ခန်းငှားခတွေ စုံစမ်းတယ်။
မင်းနဲ့ ပတ်သက်ပီး ဆန်ဈေး၊ ဆီဈေး အတတ်အကျတွေကို စိတ်ဝင်စားလာတယ်။

ဒါတွေ မတွေးထားဘူး ။ ဒါတွေ မလုပ်ပေးနိုင်ဘူး။ ဒါတွေက အရူးကွက် ။
ကိုယ်လို အရူးက ရူးချင်ဟန်ဆောင်တယ် ။ မဟုတ်သေးဘူး ။ အရူးတွေလည်း ရူးချင်ယောင် ဆောင်တတ်တယ်။
စိတ်မှာ ကျည်ဆန်ရာတွေ ဗလပွ ....။ ကိုယ့် ပြစ်မှတ်က မင်းမဟုတ်သလို  ကိုယ်ပြစ်ခဲ့တာလည်း မင်းမဟုတ်ဘူး ။
ရှင်းရှင်းပြောရရင်............ ကိုယ်က စကားလုံးတွေ ...ဘာသာစကားတွေ ဘာသာဗေဒတွေနဲ့ မင်းကို ချစ်ကြောင်း မပြတတ်။ (သက်သေ မထူတတ်)
အမူအရာတွေ ။ ကိုယ်နေဟန်ထားတွေ ။မျက်နှာပေါ်က အပြောင်းအလဲတွေ အပြုအမူတွေနဲ့ မင်းကို ချစ်ကြောင်း မပြောတတ်။ (သက်သေ မထူတတ်)
လက်ထဲမှာ သေနတ်တလက်.......။
ကိုယ့် နထင်ကို ကျည်ဖူးလေးဖြတ်သွား....................။
ကိုယ့် စိတ်ခံစားမှုကို ကျည်ဖူးလေး ဖြတ်.......................။
စိတ်ရဲ့ အုံခဲမှု..........နာကျင်စရာ တခုခု................................။
ဟုတ်တယ် "ကိုယ့်"  ခေါင်းကိုက်နေတာ မဟုတ်ဘူး ။ စိတ်ကိုက်နေတာ။ စိတ်ကို စိတ်က ကိုက်ခဲနေတာ။ စိတ်ကို စိတ်က ကိုက်ခဲထားတာ။
နာကျင်မှုကို နာကျင်မှုက ကိုက်ခဲနေတာ .ဝါးမြိုနေတာ ....... ဝါးမြိုခံနေရတာ...။
ဟသာင်္ကိုးသောင်း ဇာတ်ပျက်သလို ကိုယ့် စိတ်ဓါတ်တွေပျက် ။ ကိုယ့်နာကျင်မှုတွေပျက်။ ကိုယ့် Profile တွေ ပျက်။ ကိုယ့်ရပ်တည်မှုတွေပျက်။

 ........... စိတ်ခံစားချက် စိတ်ရဲ့ အသံလှိုင်း စိတ် ရဲ့ ဖြစ်ပျက် ပြောင်းလဲမှုတွေ မင်းရင်ထဲရောက်ပီလား ........။
ပြောမှ သိတာကိုက ကိုယ့်ရဲ့ အလေ့အထ ဖြစ်နေပီ။ အရိုးစွဲတာတွေ ဖျောက်...." ဖြောက် ......"  " ဖြောက် ......"။
မင်းနဲ့စကားပြောရင်။ မင်းနဲ့ အတူရှိနေရင် ။မင်းအပြုံးတွေရပ်တန့်သွားရင် ။ မင်း ဆေးလိပ်မီးခိုးငွေ့တွေ ရပ်တန့်သွားရင် ။ မင်းရီသံတွေအေးစက်သွားရင် ။ မင်း ဟာသတွေ အေးခဲသွားရင် ။

'အချိန်မရွေးလာနိုင်တဲ့ သဘာဝဘေးဒဏ်လို ကိုယ် ခံစားရတယ်။'


အဆိုးဆုံး ... စိတ်မှာ အဆင်သင့်ပြင် .... ကိုယ့် ကို ကိုယ် သေစာရင်းသွင်း..........။
မေမေရေ အိမ်ပြန်မလာတဲ့ ရက်တွေ ကျွန်နော် အခန်းလေး မီးမလင်းဘူး။



ဝေမှူး
30.Oct .201

 

**Stream of Consciousness ( သိစိတ်အလျဉ် စီးကြောင်း အတိုင်း - သို့မဟုတ် - မသိတဝက် သိတဝက် ဖြင့် ) ..................................

ကျေးဇူးတင်တယ် မခရေ……………………………….။ ။

ရှူနေတဲ့လေကိုက ခက်တယ်
အသီးအပွင့်တွေ ပွင့ှ် ဖူး ဖို့တဲ့
အကိုင်းအခက်တွေ စတေးခိုင်းတယ်….
ကျေးဇူးတင်ပါတယ် မခရေ….။

လှည့်ကွက်တွေဖန်
ကျွမ်းပြန်နေတဲ့ ကျွန်တော်အတိတ်ကို
မဖိတ်မစင် ခင်ဗျား ပြန်ပြင်ပေးခဲ့တယ်…။။

အလင်းကိုက အကျနာလွန်းပါရဲ့…………
မျှော်လင့်ချက် မပိုင်တဲ့တိမ်ကိုမှ
အိမ်ဆောက်မိတယ်…။
စိုက်ပျိုးခဲ့သလို ရိပ်သိမ်းနည်း သင်သွားတဲ့ ခင်ဗျား
ဥာဏ်နည်းလွန်းသူ ကျွန်တော့်အမှားပါလေ..
ကျေးဇူးတင်ပါတယ် မခရေရယ်…..။

လောက ကို သံရှည်ဆွဲပြီး
မနက်ဖြန်ကို ပြန်လှည့်ကြည့်ရတာ 
ပင်ပန်းရှာတော့မယ်……။
သံယောဇဉ် တဲ့………
ယိုင်နဲ့တတ်သူ ကျွန်တော်အမှား
နှုတ် မဆက်မိရင်လည်းအကောင်းသားဗျာ။။။။

ဘ၀ရဲ့ အားမာန်တွေပြန်ရှာပေးခဲ့တာတဲ့
ခင်ဗျားရဲ့ ရှိုက်သံ…ကိုမှ
နှလုံးသားကို ချကျွေးမိတယ်ဗျာ
မှားခဲ့ပါတယ် မခရေ...။။

ခပ်အက်အက် ယုံကြည်ချက်လေး
ကျွန်တော်…………..ခင်ဗျားကိုပြန်ပေးတော့မယ်
ကျေးဇူးတင်ပါတယ် မခရေ………………….။

နာကျင်စရာများတဲ့
ကျွန်တော့် နားက ……..ခင်ဗျားအပြုံးဆိုကြားတတ်လွန်းလို့
ဝဋ်ကြွေးရှိလည်း ယူတော်မူ
အပြစ်ရှိလည်း ကျေတော်မူပါ………..။
ကျေးဇူးတင်ပါတယ် … မခရေ ရယ်……….။

ရူနေတဲ့လေကိုက ခက်တယ် မခရေ
ကျွန်တော် ..........ခင်ဗျားကို ချစ်ဖို့
မျက်ရည်တွေ စတေးခိုင်းတယ်
နာစရာတွေ ချကျွေးခိုင်းတယ်
ဘ၀ အဆက်ဆက် …. က
ကျွန်နော်အိမ်မက်တွေကိုလည်း ခေါက်သိမ်းသွားတယ်

ခံစားမှုနဲ့ ဖွဲ့တဲ့တေး
ကျွန်တော့ကဗျာတွေ ပြန်သိမ်းသွားတယ်
ကြယ်လိုလူ …. ကျွန်တော်က
ပင်လယ်ကိုမှ လင်းမပြနိုင်ပဲလေ။
အမိုးခပ်နိမ့်နိမ့် ကျွန်တော့်ရဲအတိတ်နဲ့
ခင်ဗျားကိုချော့သိပ်ဖို့…မလိုတော့ဘူး
လက်တွေ့ မဆန်တဲ့အနာဂတ်နဲ့
ကျွန်တော် ခင်ဗျားအတွက်..
တိမ်မလုပ်ပေးနိုင်တော့ဘူးဗျာ။

ကျေးဇူးတင်တယ် မခရေ……………………………….။       

ဝေမှူးချို
၂၀၁၁ ဇွန်၁၈
4:30 PM
 တော်တော်လေး ရင်နင့်သွားလို ဒီကဗျာကို သူဖတ်ဖို့ရေးတယ်

Monday, March 5, 2012

ကိုယ်ပိုင် သင်္ကေတများအား ကုလားဖန်ထိုးခြင်း။

ကိုယ်က ဖဲကစားနည်းနဲ့ မရင်းနှီးဘူး ဒါပေမယ့်  .........ဖဲချက်တွေရဲ့ မျက်နှာပြင်က သင်္ကေတတွေ ဖတ်ရတာတော့ ကြိုက်တယ်။

" ကိုယ့် ပါးစပ်က မကြိုက်ဘူးဆိုတာ ကိုယ့် စိတ်က လက်မခံနိုင်တာ လုံးဝကို လက်မခံနိုင်တာ " တွေ...။

ဖဲချပ်တွေ Chaos ဖြစ်ဖို့ကံတရားကို ကုလားဖန်ထိုးရတယ်။ ဒါဆို .....ကံတရားဟာ ကုလားဖန်ထိုးသူရဲ့ လက်ပေါ်မူတည်နေတယ်ပေါ့ ကဲ...... ဟုတ်ပီ ဝိုင်းထဲက ကံတရားတွေအတွက် ငါတို့ ကုလားဖန်ထိုးကို ထိုးရတော့မယ် ။


"လူ့ အဖွဲ့အစည်းမှာတော့ ကုလားဖန်ထိုးတယ်ဆိုတဲ့ အသုံးအနှုန်းက ကိုယ့်အကျိုးစီးပွား ၊ ကိုယ့်ရပိုင်ခွင့်တွေ အတွက် တခြားလူတွေကို  Chaos (ခေးအော့စ်) ဖြစ်အောင် လုပ်လိုက်တာ ဒီထက်ပိုပြောရရင် တနပ်စားဥာဏ်လေးနဲ့ ယုံကြည်မှုတွေ ရင်းလိုက်တာ"


လူတွေရဲ့ မျက်နှာနဲ့ သူတို့နဲ့ကိုယ့်ကြား နားလည်မှု ခံစားမှုတွေဟာ ဖဲချပ်တွေရဲ့သင်္ကေတ ။
ဖဲချပ်တစ်ချပ်ခြင်းစီရဲ့မျက်နှာဟာ လူသားတွေရဲ့ စိတ်နေစိတ်ထား နဲ့ သူတို့ ရဲ့ စရိုက်လက္ခဏာတွေ။


စပိတ် - သူက Heart ရဲ့ ဆန့်ကျင်ဘက် စရိုက်လက္ခဏာတွေ ရှိတယ် ။ ဒါပေမယ့် သူနှလုံးသားမှာလည်း ချစ်ခြင်းမေတ္တာတွေ အပြည့် ။ ဒါပေမယ့် တော်ရုံလူကို သူစရိုက်သဘာဝကို ဖွင့်မပြတတ်ဘူး ။ သူကိုကြည့်ရင်တော့ လူ အဖွဲအစည်း အပြင်ဖက် ရောက်နေတဲ့ အစွန်းရောက် စိတ်ဓါတ်တွေ ပိုင်ဆိုင်ထားတဲ့ဟန်အပြည့်ရှိတယ်။


ဟက် (Heart) - နူးညံ့ပြီး ချစ်ခြင်းမေတ္တာကို အလေးထားတယ်။ ကြင်နာမှု နွေးထွေးမှုတွေကို ကိုယ်စားပြုတယ် စိတ်နေစိတ်ထား သိမ်မွေ့တယ် ... ။


ဒေါင့် - သူနဲ့ ဆက်ဆံတဲ့လူတွေအတွက်တော့ ရိုးရှင်းပါတယ် .. သာမန်လူတွေထဲက လူ ။ ဖြစ်ရိုးဖြစ်စဉ် လုပ်ရိုးလုပ်စဉ်ဘဝတွေနဲ့ သာယာကျေနပ်နေတဲ့လူမျိုး ။

ညှင်း - ခန့်မှန်းရခက်တဲ့ စိတ်နေစိတ်ထား ။ တနည်း ပြောရရင် သူ့လို လူက ဝှက်ဖဲတွေများတယ်..........။ သံသများတတ်တဲ့ လူမျိုး။

နောက် ............ ဂျိုကာ - နေရာတကာသုံးလို့မရဘူး ။ တချို့ပြောကြတယ် ဂျိုကာ လို  လိုရာသုံးပါ တဲ့။ လိုရာသုံးမရတာ ဆိုလို့ ဂျိုကာပဲရှိမယ်။
... ကျွန်နော်တို့ ခင်ဗျားတို့ လူပတ်ဝန်းကျင် လူအသိုင်းအဝိုင်းတစ်ခုလုံးကို ကုလားဖန်ထိုးကြည့်ပါ ..သုံးစားမရတဲ့ ဂျိုကာတွေသိပ်များလာတယ် ။ သူလို ကိုယ်လို ယဉ်ကျေးမှုတွေနဲ့ ။ သူလို ကိုယ်လို ကိုယ်ပိုင် သင်္ကေတ တွေနဲ့ ။ ခင်ဗျားရော ကျွန်နော်ရော ထိုနည်းလည်းကောင်းပဲလား ။

ကိုယ့်မှာ ကိုယ့်ရဲ့ အထာတွေမရှိတော့ဘူး
ဖဲချပ်တွေရဲ့အထာပဲ ရှိတော့တယ်။
။ ဟုတ်တယ်။
လူတွေရဲ့ မျက်နှာနဲ့ စိတ်ဓါတ်အပြောင်းအလဲတွေဟာ ဖဲချက်တွေရဲ့ သင်္ကေတ ..။

"မင်းက ဝှက်ဖဲတွေ အရမ်းများတယ် " "ကိုယ်တို့ နှစ်ယောက်ကြားက ယုံကြည်မှုတွေမှာ ဘာ ဝှက်ဖဲမှ မရှိပါဘူး"


အပိုတွေ .................အပို စကားလုံးတွေ ။ ပြောနေတဲ့ ခင်ဗျားအသံက ×အသေ× တွေ ပါဗျာ..။ + အသေကြီးပါ+



လူလူခြင်း ဆက်ဆံရေးမှာ ရိုးသားရမယ် ။မာယာတွေလျော့ရမယ် ။ ခေါင်းပုံဖြတ်တာတွေ မလုပ်ရဘူး ...စသည်ဖြင့် ။ ခင်ဗျားတို့ သိထားရမှာ တခုပဲ လူဆန်တဲ့လူတွေကို လူလူခြင်းသဘောမကျကြဘူးဗျ.........။
" ဘာကြောင့်လဲဆိုတဲ့မေးခွန်း ခင်ဗျားမှာမေးပိုင်ခွင့် မရှိဘူးထပ်ပြောမယ် လုံး ဝ မရှိဘူး။ "


ကိုယ်တို့ကြားမှာ ဝှက်ဖဲလေးတွေနဲ့။ ချောက်ထဲကျနိုင်တဲ့ အနာဂတ်တွေအတွက် ကိုယ့်မှာလည်း ဝှက်ဖဲလေးတွေနဲ့မင်းမှာ .. ။သူတို့မှာ..။ လူတစ်ယောက်ခြင်းစီမှာ ဝှက်ဖဲ တစ်ချပ်စီကိုင်ထားကြတယ် ။
ကိုယ့်ရဲ့ဝှက်ဖဲဟာ နိုဝင်ဘာ ၁၆ ရက်မှာ ရှိတယ် ။ ဒီဇင်ဘာ ၃၁ရက် နယူးရီးယား ညမှာရှိတယ် ..။ညနေ ရုံးဆင်းချိန်တွေမှာ ရှိတယ်..။ ခရေပွင့် အကြွေတွေထဲမှာ ရှိတယ်။ ကော်ဖီဆိုင် အမိုးစွန်းအောက်မှာ ရှိတယ်။ ကွန်ကရစ်လမ်းပေါ်မှာ ရှိတယ် ။ လမ်းဖြတ်ကူးတဲ့အချိန်တွေ..ဆုပ်ကိုင်ထားဖူးတဲ့ လက်တစ်စုံမှာ  ရှိတယ် ။ ကိုယ့် ဂျီမေး ရဲ့ Chat Box အဟောင်းတွေထဲမှာရှိတယ်။ Kelly Chen ရဲ့ A lover's Concerto သီချင်းထဲမှာ ရှိတယ်။ ဗိုလ်တစ်ထောင် ဘုရားပေါ်မှာ ရှိတယ် ။ လမ်း (၄၀) ဒေါင့်ချိုးမှာရှိတယ်။

ဒါပေမယ့် ကိုယ့်ရဲ့ဝှက်ဖဲဟာ ယုတ်မာရိုင်းစိုင်းမှုတွေမရှိဘူး ။ အမှန်တရားဆိုတာ မသိဘူး ..။ ကုလားဖန်ထိုးတတ်တဲ့ စိတ်ဓါတ်တွေမရှိဘူး .. လူသိရှင်ကြားဆိုတဲ့ အလီဘိုင်စိတ်ဓါတ်တွေမရှိဘူး။ ခပ်သိုးသိုးတဏှာတွေ မရှိဘူး ။ ချစ်ခြင်းမေတ္တာကို ဗန်းပြတတ်တဲ့ ညီအစ်ကိုမောင်နှမ စိတ်ဓါတ်တွေ မရှိဘူး။
"လောကအကြောင်း သိပ်မသိသေးတဲ့ကလေးလေးဟာ ကိုယ့်ရဲ့ဝှက်ဖဲပေါ့။"

ဝှက်ဖဲ ဆိုတာ  ကိုယ့် လက်ထဲမှာ ရှိနေတဲ့ တခြားတစ်ယောက်ရဲ့ ကျဆုံးခန်းလား? ယုံကြည်မှုတွေလား ။ ဒါမှ မဟုတ် ကိုယ့် ရဲ့နိုင်ခြေတွေလား? ဒါမှ မဟုတ် ကိုယ်အရမ်းချစ်ခဲ့ဘူးတဲ့ ကော်ဖီ တစ်ခွက်လား ။
ထားလိုက်တော့ .........။
လူတစ်ယောက်ခြင်းစီမှာ ဝှက်ဖဲတချပ်စီ ကိုင်ထားသင့်တယ် ။ ဘယ်သူပဲဖြစ်ဖြစ်ပေါ့ ။ ဘဝဆိုတာ ..အမြင်လှတိုင်း ပုံအောနေဖို့မလိုဘူး.....မလိုပါဘူး။ ခင်ဗျားရဲ့ ဟန်ဆောင်ဖုံးကွယ်မှု ပီပြင်ရင် ပီပြင်သလောက် နိုင်ခြေတွေရှိနေပေမယ့် မမျှော်လင့်တဲ့ ကံကြမ္နာဆိုတာ ရှိနေပါတယ်..။
ကျွန်နော်တို့တွေ ....... ကံကြမ္မာဆိုတာကို တခါလောက် ယုံကြည်ကြည့်ရအောင်လား။
ဟုတ်ကဲ့ ကျွန်နော့်လက်ထဲမှာ စပိတ် (၁) ။ အနိုင်အရှုံးဟာ ခင်ဗျားတို့ အပြုံးပေါ်မှာ မူတည်နေတယ် ။ ကောင်းကောင်းပြုံးပါ .. ။ ခန ခန သတိရပါ ။
ကိုယ်ပိုင် သင်္ကေတတွေကို ကုလားဖန်ထိုးပါ ..။  ကံတရားကို ဝှက်ဖဲများများနဲ့ လာဘ်ထိုးပါ ။ ပီးတော့ ဘဝဆိုတာကို ခဏ ခဏ တမ်းတပြပီး လောကကြီးကို ပျက်ရယ်ပြုပါ။
ပြီးတော့.....ကံတရားဟာကုလားဖန်ထိုးသူရဲ့ လက်ပေါ်မူတည်နေတယ်ဆိုတာ ခင်ဗျားမမေ့ပါနဲ့။
လူတွေရဲ့ မျက်နှာနဲ့ စိတ်ဓါတ်အပြောင်းအလဲတွေဟာ ဖဲချက်တွေရဲ့ သင်္ကေတ ..။

ဒါပေမယ့် ...
ဒါပေမယ့် ..
ပြီးတော့ ..
ပြီးတော့ ...

ကဲ .......... ကျူပ်တို့ ကစားပွဲ စလို့ရပြီ ။

ဝေမှူးချို

NOV 28