Thursday, December 22, 2011

သူစိမ်းသိပ်ဆန်တဲ့ ရန်ကုန်

၂၀၁၀ ရန်ကုန် က သူစိမ်း သိပ်မဆန်ဘူး....။ မောင်နှမမေတ္တာ နွေးထွေးမှု  အစစ်အမှန်ဆိုတာ ပကာသဏမပါဘူး ...။
ရန်ကုန်မှာ ခရေပင်တွေအများကြီး....ရှိတယ် ။ ခရေပန်းကြိုက်တဲ့ ကျွန်နော်ရယ်  အကို တစ်ယောက်  အမ တစ်ယောက်ရယ်ရှိတယ်။
ဒို့မောင်နှမ (၃)ယောက်.. တွဲလက်တွေ မြဲမြဲထား ။

၁၉လမ်း ညဈေး က ငုံးကောင်ကျော်လေးတွေ ရန်ကုန် ဖက်ထုတ်ဆီချက် (၃)ပွဲ မိုးရေစက်တွေထဲမှာ  အပြုံး မျက်နှာကိုယ်စီ နဲ့နွေးထွေးမှုတွေ.. ။
ညီမလေး ဘာစားချင်လည်း ဘယ်သွားချင်သေးလဲ....။ လိုင်းကား မစီးတတ်တဲ့ ကျွန်နော်က ခေါင်းမူးတတ်တယ်။ မန်းသူတွေက စကားပြောရင် ကျွန်နော်လို့ ပြောတတ်တယ်။
ကမ္ဘာအေး ဂမုန်းပွင့် ဆေးလိပ်နံ့မခံနိုင်ဘူး ၊ အမှတ်တရ တဲ့ ဓါတ်ပုံလေးတွေ အာရုံမှာ ဟိုတစ်ကွက် ဒီတကွက် ကျန်တယ်။
ဒီညီအစ်မနှစ်ယောက် ... ကားလမ်းကို ဘယ်လိုကူးနေလည်း .."ညီမငေး နင့်အိုပါးက တခုခု ဆို မပြောဘူး မြုံထားတတ်တယ်.ပွင့်ပွင့်လင်းလင်းမရှိဘူး... " @" မမ အိုပါး ဆေးလိပ်သောက်နေတာ (၂)ဗူးကျော်နေပီ"
ပန်းဆိုးတန်း စာအုပ် အဟောင်းဆိုင်တန်း မိုးတွေ အရမ်းရွာတယ် ၊ ထီး(၁)လက်အောက်က လူ ၂ယောက် ... ။ ပါသစ်ရဲ့ ကော်ဖီဆိုင်၊ မင်းခိုက်ရဲ့ စာအုပ်တစ်အုပ် ။ ရန်ကုန်ဟာ လမ်းဖြတ်ကူးရင် လက်ချင်းတွဲရတယ်။
"မင်း အမက စာအုပ်တွေ သိပ်စိတ်မဝင်စားဘူးကွ လာ ဒို့  မောင်နှမ ၂ယောက် ပဲ အဟောင်းတန်းမှာ ကြည့်တာပေါ့"
' ဟေ့အေးညီမလေး အကိုက မိုးစက်တွေထဲ သွားရတာကြိုက်တယ် '  အိုပါး ဒီနေ့တစ်နေ့လုံး ဆေးလိပ်ဗူးက (၃)ဗူးရှိနေပီ ....ထီးမလိုတဲ့ ရန်ကုန် မိုးရေတွေ
ရန်ကုန်မှာ အနေကြာတော့ ခါးပိုက်နှိုက်ခံရတယ် အိမ်မက်တွေ အခိုးခံရတယ်
ရွှေရောင် အိမ်မက်တွေ ....ထဲမှာ ရွှေတောင်တန်း ကြေးအိုးဆိုင်ထဲမှာ ၊ မိုးစက်တွေထဲမှာ အဆောင်လိုက်ပို့ပီးကျောခိုင်းသွားတဲ့ အကို နဲ့ မမ ဆီမှာ ...
မရှိတော့ဘူး .. အိမ်မက်တွေမရှိတော့ဘူး။ မမလည်း မရှိတော့ဘူး ။ ကျွန်နော့်အကိုရဲ့ ဒေါသသံတွေထဲမှာ အမှန်တရားဆိုတာ အမှောင်လား အလင်းလား မဆန်းစစ်ခဲ့ဘူး ..။ မလိုဘူး။
လက်သီး ခပ်တင်းတင်းဆုပ်ထားတဲ့ အကို့ရဲ့ ခံပြင်းမှုဒေါသတွေထဲမှာ ..
ကျွန်နော်အကိုရဲ့ ဆေးတံထဲမှာ ....သူ့အိမ်မက်တွေ လန့် နိုး သွား တယ်..။
"အကို့ကို မင်းအမ နောက်ဆုံးပြောခဲ့တာ ငါတို့ (၂)ယောက်လက်တွေ တွဲမထားတော့တာ ကြာပီတဲ့ ဘဝတစ်ခုကို မတည်ဆောက်နိုင်ဘူးတဲ့ကွာ".

Thursday, December 1, 2011

"သေပန်း"

နှောင်းခဲ့တဲ့ ဒီဇင်ဘာဟာ 
ရှိုက်သံတွေ ဆူညံဝေလို့
အတိတ်ဟာ ... တိတ်တိတ်လေးနေခဲ့မိရင် အကောင်းသား..။

ကြိမ်ဖန်များစွာ ရူးခဲ့ပါရဲ့ ...
ကြိမ်ဖန်များစွာ ဦးခဲ့ပါရဲ့....
ကြိမ်ဖန်များစွာ စူးခဲ့ပါရဲ့
သစ္စာတရားများဟာ အမိုက်မှောင်အထာတွေ များတယ်။