Thursday, December 22, 2011

သူစိမ်းသိပ်ဆန်တဲ့ ရန်ကုန်

၂၀၁၀ ရန်ကုန် က သူစိမ်း သိပ်မဆန်ဘူး....။ မောင်နှမမေတ္တာ နွေးထွေးမှု  အစစ်အမှန်ဆိုတာ ပကာသဏမပါဘူး ...။
ရန်ကုန်မှာ ခရေပင်တွေအများကြီး....ရှိတယ် ။ ခရေပန်းကြိုက်တဲ့ ကျွန်နော်ရယ်  အကို တစ်ယောက်  အမ တစ်ယောက်ရယ်ရှိတယ်။
ဒို့မောင်နှမ (၃)ယောက်.. တွဲလက်တွေ မြဲမြဲထား ။

၁၉လမ်း ညဈေး က ငုံးကောင်ကျော်လေးတွေ ရန်ကုန် ဖက်ထုတ်ဆီချက် (၃)ပွဲ မိုးရေစက်တွေထဲမှာ  အပြုံး မျက်နှာကိုယ်စီ နဲ့နွေးထွေးမှုတွေ.. ။
ညီမလေး ဘာစားချင်လည်း ဘယ်သွားချင်သေးလဲ....။ လိုင်းကား မစီးတတ်တဲ့ ကျွန်နော်က ခေါင်းမူးတတ်တယ်။ မန်းသူတွေက စကားပြောရင် ကျွန်နော်လို့ ပြောတတ်တယ်။
ကမ္ဘာအေး ဂမုန်းပွင့် ဆေးလိပ်နံ့မခံနိုင်ဘူး ၊ အမှတ်တရ တဲ့ ဓါတ်ပုံလေးတွေ အာရုံမှာ ဟိုတစ်ကွက် ဒီတကွက် ကျန်တယ်။
ဒီညီအစ်မနှစ်ယောက် ... ကားလမ်းကို ဘယ်လိုကူးနေလည်း .."ညီမငေး နင့်အိုပါးက တခုခု ဆို မပြောဘူး မြုံထားတတ်တယ်.ပွင့်ပွင့်လင်းလင်းမရှိဘူး... " @" မမ အိုပါး ဆေးလိပ်သောက်နေတာ (၂)ဗူးကျော်နေပီ"
ပန်းဆိုးတန်း စာအုပ် အဟောင်းဆိုင်တန်း မိုးတွေ အရမ်းရွာတယ် ၊ ထီး(၁)လက်အောက်က လူ ၂ယောက် ... ။ ပါသစ်ရဲ့ ကော်ဖီဆိုင်၊ မင်းခိုက်ရဲ့ စာအုပ်တစ်အုပ် ။ ရန်ကုန်ဟာ လမ်းဖြတ်ကူးရင် လက်ချင်းတွဲရတယ်။
"မင်း အမက စာအုပ်တွေ သိပ်စိတ်မဝင်စားဘူးကွ လာ ဒို့  မောင်နှမ ၂ယောက် ပဲ အဟောင်းတန်းမှာ ကြည့်တာပေါ့"
' ဟေ့အေးညီမလေး အကိုက မိုးစက်တွေထဲ သွားရတာကြိုက်တယ် '  အိုပါး ဒီနေ့တစ်နေ့လုံး ဆေးလိပ်ဗူးက (၃)ဗူးရှိနေပီ ....ထီးမလိုတဲ့ ရန်ကုန် မိုးရေတွေ
ရန်ကုန်မှာ အနေကြာတော့ ခါးပိုက်နှိုက်ခံရတယ် အိမ်မက်တွေ အခိုးခံရတယ်
ရွှေရောင် အိမ်မက်တွေ ....ထဲမှာ ရွှေတောင်တန်း ကြေးအိုးဆိုင်ထဲမှာ ၊ မိုးစက်တွေထဲမှာ အဆောင်လိုက်ပို့ပီးကျောခိုင်းသွားတဲ့ အကို နဲ့ မမ ဆီမှာ ...
မရှိတော့ဘူး .. အိမ်မက်တွေမရှိတော့ဘူး။ မမလည်း မရှိတော့ဘူး ။ ကျွန်နော့်အကိုရဲ့ ဒေါသသံတွေထဲမှာ အမှန်တရားဆိုတာ အမှောင်လား အလင်းလား မဆန်းစစ်ခဲ့ဘူး ..။ မလိုဘူး။
လက်သီး ခပ်တင်းတင်းဆုပ်ထားတဲ့ အကို့ရဲ့ ခံပြင်းမှုဒေါသတွေထဲမှာ ..
ကျွန်နော်အကိုရဲ့ ဆေးတံထဲမှာ ....သူ့အိမ်မက်တွေ လန့် နိုး သွား တယ်..။
"အကို့ကို မင်းအမ နောက်ဆုံးပြောခဲ့တာ ငါတို့ (၂)ယောက်လက်တွေ တွဲမထားတော့တာ ကြာပီတဲ့ ဘဝတစ်ခုကို မတည်ဆောက်နိုင်ဘူးတဲ့ကွာ".

ခရေပန်းတွေ မွှေးလိုက်တာ .... ခရေပန်းတွေ အနာဂတ်အတွက် ရည်ရွယ်ထားတဲ့ အနာဂတ်တွေ ယုတ်လျော့နေပုံများ.... ။
အိမ်က်ထဲက ခရေပန်းတွေ ကွန်ကရစ်လမ်းမပေါ်က ခွေးမိသားစုတွေ ။ ယိုယွင်းနေတဲ့ အကို့ အိမ်မက်တွေထဲမှာ ....နိုးမလာသေးတဲ့ အိပ်မက်တွေထဲမှာ ..။ အားတင်းထားပါ ...။
"ညီမလေး မင်းနေကောင်းအောင်နေ ၊ ကျောပိုးအိတ်နဲ့ လိုင်းကားစီးတော့ ခါးပိုက်နှိုက်တွေနဲ့ ........သတိထား"
" ဒိုမောင်နှမ (၂)ယောက်ပဲ ရှိတော့တာ ...."
ရန်ကုန်မှာ လမ်းဖြတ်ကူးရင် လက်ခြင်းချိတ်ပီးကူးရသလား ...
ရန်ကုန်မှာ ကော်ဖီကို ဂရုတစိုက်ဖျော်ပေးသလား....
ရန်ကုန်မှာ ငါးကင်စားရင် အရိုးနွှင်ပေးသလား.. .
ရန်ကုန်မှာ ညလည်ဗိုက်ဆာနေတဲ့ ညီမတစ်ယောက်အတွက် ခေါက်ဆွဲပြုတ်ပေးသလား ....
ရန်ကုန်မှာ အများမေးငေါ့တဲ့ အတိတ်တွေအတွက် မားမားမတ်မတ်ရပ်ပေးတဲ့ ခံတပ်ကြီးရှိခဲ့ သလား..
ရန်ကုန်မှာ အနာဂတ်အိမ်မက်ကြီးကြီးရှိတယ် ချစ်တယ်လို့ပြောရင် တိတ်တိတ်လေးနေရတယ်တဲ့ ...
"မင်းသားလေးကို နောင်နှစ်ထဲမှာ သင်တန်းတွေထားနိုင်အောင် ကြိုးစားစို့ညီမလေး ကွန်ပြူတာ .. အင်္ဂလိပ်စာ ..."
ခရေပန်းတွေ . ခရေပန်းတွေ .....အကြွေပန်းတွေ .... မွှေးလိုက်တာ စကတည်းက သိတာပဲ..
ကြွေခဲ့တဲ့ ပန်းက အပြစ်ရှိနေသလား ....။
ချစ်ခြင်းမေတ္တာဆိုတာ ခန္တီတရား ပြိုင်ခိုင်းတာလား .. မိန်းမ ( ၂)ယောက်ကို ဓါး(၁)ချောင်းစီပေးပြီး ဘယ်သူပွဲထဲက ထွက်မလဲလို့ ရွေးခြယ်ခိုင်းတာမျိုးလား
Chat Box ထဲမှာ "မ"ဆိုတဲ့အသုံးအနှုန်းတွေ ထပ်တွေ့ရတယ် ။ ကော်ဖီတစ်ခွက်က စတဲ့ မီးတွေ ၊ ညီမလေးကလွဲရင် ဆိုတဲ့ အသံတွေက ပကာသဏသံတွေလား ။  နောက်ထပ် ၃လလောက် သီးခံပေးပါညီမလေး..အဲဒါပီးရင် အားလုံးပီးသွားမှာပါ ....
ချစ်ခြင်းမေတ္တာဆိုတာ ခန္တီတရား ပြိုင်ခိုင်းတာလား .. မိန်းမ ( ၂)ယောက်ကို ဓါး(၁)ချောင်းစီပေးပြီး ဘယ်သူပွဲထဲက ထွက်မလဲလို့ ရွေးခြယ်ခိုင်းတာမျိုးလား
နင့်ကို သူက ချစ်တယ် ပြောဘူးလို့လား.ဝေမှူး .........  အမှန်တရားရဲ့ ဆွံအမှုတွေ
 "မေးခွန်းတစ်ခုကို မဖြေခဲ့ဘူးဆိုတာ ... မဖြေချင်လို့ရယ် မဖြေရက်လို့ရယ် ဆိုတာ ခင်ဗျားတို့ နားမလည်ခဲ့ပဲ။"
ရန်ကုန်ဟာ အိမ်မက်ပဲ .. ရန်ကုန်ဟာ လက်တွေ့ မဆန်ချင်ဘူး ။ ရန်ကုန်ဟာ အမှန်တရားတွေ ဆွံအ တယ်။
ရင်ခုန်သံတွေ .. ကုလားဖန်ထိုးတက်တဲ့ မိန်းမ ...တဲ့ ကျွန်နော်က ကျွန်နော် မဟုတ်တော့ဘူး ။ကျွန်နော် ဟာ ညီမလေး မဟုတ်တော့ဘူး ။ အဲဒီမိန်းမနားမှာ တစ်စက္ကန့်တောင်မနေချင်ပါဘူးဆိုတဲ့ အသံတွေ ခင်ဗျားရဲ့ ရန်ကုန်က အရင်တုန်းက ညီမလေးလို့ နှုတ်ဖျားက မချခဲ့ဘူးမဟုတ်လား ။ ခင်ဗျားအသံတွေနားခါးတယ် အကို။ ခင်ဗျားက ပင်လယ်လိုမသေချာခဲ့ဘူး .. ခင်ဗျားက ဒွိဟစိတ်တွေ မပြတ်သားနိုင်မှုတွေ နဲ့ ။ တွေဝေမှုတွေနဲ့ ၂၀၁၁ရန်ကုန်က အားလုံးကို တစိမ်းဆန်သွားတယ် ။ အလွှာပါးခြားထားတယ်..။
 အခေါ်အဝေါ်တွေ သူစိမ်းဆန်တယ် .. ကော်ဖီတွေ သူစိမ်းဆန်လာတယ် .. ညီမလေးဆိုတဲ့  ခေါ်သံတွေ သူစိမ်းဆန်တယ်။.
Dark of the Moon သီချင်းရယ် .. Depression ဝင်နေတဲ့ လူတစ်ယောက်ရယ် ..ရန်ကုန်ဟာ သူစိမ်း သိပ်ဆန်တယ် ။ထပ်တူဆိုတဲ့ စာသားတွေနဲ့ ခင်ဗျား ခဏခဏ ထပ်တူကျလာတယ် ။
မင်း ငါ့အနား မလာနဲ့ ဝေမှူး ...... ။

ညီမလေး မင်း ရန်ကုန်ကို စရောက်ခါစ အခြေအနေအတိုင်း မေတ္တာတွေအတိုင်း ..........။

ကျွန်နော်နဲ့ ခင်ဗျားကြားက အမှားပြင်ဆင်ခြင်းဟာ သိပ်ပီး ဆင်းရဲတယ် ..။

အကြောင်းပြချက်ရှာမရတဲ့ ပြဿနာတွေထဲမှာ ညီမလေးမရှိတော့ဘူး ဒို့မောင်နှမဆိုတဲ့ အသံလေး မရှိတော့ဘူး။ ခရေပန်းတွေ မရှိတော့ဘူး။ ကော်ဖီခွက်လေး မရှိတော့ဘူး။ လမ်းဖြတ်ကူးတိုင်း တွဲထားတဲ့လက်လေးမရှိတော့ဘူး ... အသင့် ဖျော်ထားတဲ့ ကော်ဖီခွက်လေး မရှိတော့ဘူး ။ ပြတ်ပြတ်သားသား .... တခုခုကို ပြတ်ပြတ်သားသား ..။ ခရေပန်းတွေ မရှိတော့ဘူး။ လှည်းတန်းက ငါးကင်ဆိုင် မရှိတော့ဘူး ။ ရာပြည့်စာအုပ်ဆိုင် မရှိတော့ဘူး ။ ပန်းဆိုးတန်းစာအုပ်အဟောင်းဆိုင်တွေ မရှိတော့ဘူး။
ဒါနဲ့ ..................
စတိုးဆိုင်က မှန်ကောင်တာထဲမှာ ကျွန်နော်အရုပ်လေး ရှိနေတယ် အကို ။
လမ်းဘေးက ကလေးလေး ညစ်ပေပေကလေးက ကျွန်နော်ပေါ့ ....... ။ မလိုချင်ပါဘူး ဒီ အရုပ်လေး ... ။ အရုပ်လေး ညစ်နွမ်းသွားမယ် .. အဖိုးနည်းသွားမယ် .. ။ မယူရဘူး ။ ဘယ်သူပေးပေး ဒီအရုပ်လေး မယူရဘူး ။ ညစ်ပေပေကလေးလေးက ဒီအရုပ်လေး အတွက်မဟုတ်ဘူး ။
မှန်ကောင်တာထဲမှ ... အဝတ်အစားသစ်သစ်လွင်လွင်နဲ့ကောင်မလေး ရဲ့လက်ထဲမှာ... ကစားစရာ အသစ်တွေ ကြားထဲမှာ အိမ်အသစ်လေးရယ် နွေး၂ထွေးမိသားစုအိမ်လေးထဲ မှာ....။

ခရေပန်းလေး ကြွေနေမိတာ အပြစ်လား .... ။ မင်းလုပ်သမျှမင်းရဲ့ အရိပ်ဟာ မင်းရဲ့သားလေး...... ။
စကတည်းက ခရေပန်းဟာ ကြွေပါတယ် မွှေးပါတယ် ။ မင်းလုပ်သမျှမင်းရဲ့ အရိပ်ဟာ မင်းရဲ့သားလေး...... ။


ဝေမှူး

ကဗျာမဟုတ်တာတော့ အသေအချာပါ ..........:P ။ ပြောစရာ စကားတွေ ...စိတ်မှာစွဲထင်နေတဲ့ အဖြစ်အပျက်တချို့ ..။ စာသား အဆောက်အုံ တခုပါ။

No comments:

Post a Comment