Tuesday, December 4, 2012

လမ်း၏ တဖက်ခြမ်းတွင် မှုန်ပျပျ အလင်းအား မြင်နေရသည် ။

လမ်း၏ တဖက်ခြမ်းတွင် မှုန်ပျပျ အလင်းအား မြင်နေရသည် ။
သို့သော် ပန်းတိုင် မဟုတ် ....။
မောင်ချောနွယ်မှ လမ်းချင်းတူရင် လူချင်းတွေ့မည်ဟု ပြောခဲ့ဘူးသည် ။

ကျနော်တို့ လမ်းကို နင်းထားခဲ့ပီလား ?မသေချာပါ ............ ?

မရေရာသော မနက်ဖြန်များစွာအား ရှောင်လွှဲရန် မကြိုးစားတော့ပါ။
လူတစ်ဦး (သို့ ) တစ်စုံတစ်ယောက်နဲ့ပတ်သက်သောနာကျင်မှု ..... များမှာ
ခန္ဓာကိုယ်ပေါ်က ဒဏ်ရာကဲ့သို့ သွေးပူနေစဉ်ခန..... နာကျင်မှန်းမသိခဲ့ .....။

ယခု
သွေးအေးချိန်တွင် .... နောင်တ တရား ပါ ပို လာ သည် ။

~ ~ ~ ~  ခံနိုင်ရည်ဆိုတာ လိုတဲ့အချိန်ထုတ်သုံးဖို့ပေါ့ သား ရယ် ။ ~ ~ ~ ~ ~

သိပ် မဖြူစင်သော ဘ၀ထံမှ မည်သည့် မျှော်လင့်ချက်နှင့်မျှ စောင့်ဆိုင်းမနေချင်ပါ......။
ကြုံခဲ့ဘူးသောလမ်းများမှာ နောင်တစ်ချိန် ပုံပြင်ဆန်သွားပါလိမ့်မည်။
Nick Name များစွာဖြင့် လည်ပတ်ခဲ့သော ကျနော်၏ဘ၀များ မှာ မရေရာခဲ့ပါ ....။ သို့သော် နာကျင်မှုများမှာ တိကျသေချာခဲ့ပါသည်။

ငှက်ကလေး တစ်ကောင်အဖြစ်နားခိုခဲ့ဘူးသော ...
တကိုယ်ရေ နားခိုစရာ ကောင်းကင်ခပ်ကျဉ်းကျဉ်းတစ်ခုအဖြစ်မှီခိုခဲ့ဘူးသော ............
ပင်လယ် အဖြစ် လှိုင်းထန်ကျန်ရစ်ခဲ့ပြီး မျှော်ငေးကြည့်ရာ မြင်ကွင်းကျယ်ကျယ် တစ်ခု အဖြစ် ထင်ကျန်ရစ်ခဲသော.....။

 ရှိခဲ့ဘူးသော စိတ်တွင် စွဲထင်ကျန်ရစ်ခဲ့ဘူးသော ဘာသာစကား သတ်မှတ်မှုများမှာ အချိန်တခုတွင်း တိုးတိတ်ပျောက်ကွယ်သွားနိုင်ပါသည်။
စိတ်တွင် စိတ်၏ ၀ိသေသ ဒဏ်ရာအစွဲများအား မည်သည့် တရားဖြင့်မှ ဖြေဖျောက်ရန် မတတ်နိုင်သေးပါ ။
ထိုထက်တိတိကျကျပြောရသော ပင်လယ်ဆန်လွန်းသော ပင်လယ်သေတစ်ခုမှာ မည်သည့် ရင်ခွင်ထံမျှ ငြိမ်းအေးစွာ နားခိုခွင့် မရှိချေ။

ဘဝကို ပင်ပန်းစိတ်နဲ့ ဘယ်သူမဆို လွှတ်ချချင်မှာပါပဲ ။
ဖြတ်သန်းလာတဲ့ လမ်းတွေမှာ ... လမ်း ဟာ လမ်း အတိုင်း ကွေ့ကောက်ခဲ့မည်။
သိပ်ပီးပျော်နေတဲ့ မိသားစုလေးတွေ မြင်ရင် ငေးကြည့်မိတယ် ။ တကိုင်းထဲ မနားဘူးရင်နေပါစေ ထမင်းတဝိုင်းထဲစားဘူးတဲ့ အရသာလေး " သား " ကိုပေးဘူးချင်တယ် ။
အမှားများစွာဟာ လမ်းနဲ့အတူ နိမ့်မြင့် ကွေ့ကောက်ခဲ့ဘူးပါရဲ့ .....................

ဘဝကို ပင်ပန်းစိတ်နဲ့ ဘယ်သူမဆို လွှတ်ချချင်မှာပါပဲ ။
ထို့ထက် ပို၍ ကျနော့် စိတ်၏ချွင်းချက်မှာ ချစ်ခြင်းမေတ္တာ ဖြစ်နေသောကြောင့် ပင်ပန်းစိတ်ပိုခဲ့သည်
ချစ်ခြင်းမေတ္တာ ၊ သစ္စာတရား ဟူသော  Nick Name  များ ။

ပြဇတ်တပုဒ်၏ နိဂုံးတွင် ...............
ကျနော်သည် Nick Name များ၏ ချွင်းချက်တစ်ခုသာ ဖြစ်ခဲ့သည် ။
လမ်း၏ တဖက်ခြမ်းတွင် မှုန်ပျပျ အလင်းအား မြင်နေရသည် ။
ဘ၀၏ နေ၀င်ချိန်တိုင်းသည် အထီးကျန်ဆန်ခဲ့သည်ချည်း ။    ။



WaImHuCho
12/4/2010
4:29PM
@ ဒီအက်ဆေးလေး ရေးနေတာ ၃လလောက်ရှိပီ ဘာရယ်တော့မဟုတ်ပါဘူး ...................။